ဝါသနာရှင်အဆင့်အသုံးပြုသော အဝေးထိန်း R-C ( Radio Control ) Helicopter များကို အရိုးရှင်းဆုံးပုံစံဖြင့် တည်ဆောက်ကြသည်။ ထိန်းကျောင်းမောင်းနှင်ရာတွင် လွယ်ကူစေရန် ပန်ကာ (၂)ထပ် တပ်ဆင်ထားသည်။ ၄င်း Helicopter များအား Coaxial (CX) (or) Dual Rotor (or) Contra-rotating ဟူ၍လည်း ခေါ်ကြသည်။ မြန်မာပြည်တွင် လွယ်ကူစွာဝယ်ယူရရှိနိုင်ပြီး တရုတ်နိုင်ငံလုပ် ပစ္စည်းများ ဖြစ်ပါသည်။
၎င်းအမျိုးအစားတွင် Stabilizer (တည်ငြိမ်ထိန်းတံ) Upper Blade အပေါ်ပန်ကာ၊ Lower Blade အောက်ပန်ကာနှင့် Tail Blade အမြီးပန်ကာတို့ဖြစ်သည်။
အပေါ်ပန်ကာနှင့် အောက်ပန်ကာတို့သည် ဆန့်ကျင်ဘက် ဦးတည်ရာဖြင့် လည်ပတ်ပါသည်။
ထိုသို့ ဆန့်ကျင်ဘက်လည်ပတ်စေရန် ပန်ကာတစ်ခုစီအား Motor တစ်လုံးစီဖြင့် သီးခြားမောင်းနှင်ပါသည်။ ပန်ကာများသည် သီးခြားဆန့်ကျင်ဘက်လည်ပတ်သောကြောင့် ၄င်းတို့မှထွက်ပေါ်လာသော Torque ( Main Blade post တွင် လေ့လာရန်) သည် အချင်းချင်း ဆန့်ကျင်ဘက်သက်ရောက်ကာ Body ကိုယ်ထည်ကို မလည်ပတ်စေပဲ တည်ငြိမ်စွာတည်ရှိစေပါသည်။
Helicopter အား ပြင်ပလေထု (outdoor) တွင် မောင်းနှင်သောအခါ လေတိုက်မှုကြောင့် Blade များတွင်ဖြစ်ပေါ်သောပင့်အား မတူညီမှုကို အလိုအလျှောက် ထိန်းကျောင်းနိုင်ရန် Stabilizer ကို ထည့်သွင်းတပ်ဆင်ထားသည်။
Stabilizer ၏ အစွန်း(၂)ဘက်တွင် အလေးတုံး (သံတုံး) တစ်ခုစီ ထည့်ထားသည်။ Upper Blade နှင့် တပြိုင်တည်းလည်ပတ်ရန် တည်ဆောက်ထားသည်။ Stabilizer လည်ပတ်သောအခါ Weight တုံးအလေးချိန်ကြောင့် CF (Centrifugal Force) ဗဟိုခွာအား ဖြစ်ပေါ်စေပါသည်။ CF သည် အမြဲတန်း ရေပြင်ညီအတိုင်းတည်ရှိသည်။ လေတိုက်မှုကြောင့် Helicopter သည် ရှေ့နောက်၊ဘေးဘယ်ညာလူးသောအခါ Stabilizer သည် လိုက်ပါမလူးပေ။ ထို့ပြင် Upper Blade အား Link များဖြင့်ဆက်သွယ်၍ Blade တစ်ခုချင်းစီ၏ Pitch angle (Main Blade post တွင် လေ့လာရန်) ကိုအလိုအလျောက် ထိန်းကျောင်းပေးသဖြင့် Helicopter အား မလူးစေပဲ တည်ငြိမ်စွာပျံသန်းစေသည်။ Stabilizer တွင်ပါသော Weight တုံးအလေးချိန်သည် လည်ပတ်မှုကြောင့် ဗဟိုခွာအားအဖြစ်သို့ပြောင်းလဲသွားသောကြောင့် Blade မှ Lift အားပေါ်တွင် သက်ရောက်မှုမရှိတော့ပေ။
ဤ CX Helicopter များတွင် ဘယ်ညာကွေ့ရန်အတွက် Lower Blade ၏ လည်ပတ်နှုန်းကို အတိုးအလျော့ပြုလုပ်ခြင်းဖြင့် ထိန်းကျောင်းသည်။ ထိုသို့အတိုးအလျော့ပြုလုပ်ခြင်းကြောင့် Lower Blade မှထွက်ပေါ်လာသော Torque အားသည် Upper Blade မှထွက်ပေါ်လာသော Torque အားထက် နဲခြင်း၊ များခြင်းဖြစ်ပေါ်စေကာ Body အား ဘယ်သို့လည်စေခြင်း၊ ညာသို့လည်စေခြင်းဖြင့် Helicopter ၏ ဦးတည်ရာအရပ်ကို ထိန်းကျောင်းပေးသည်။
CX Helicopter များ ရှေ့နောက်သွားစေရန် Tail Blade မှ ဆောင်ရွက်ပေးသည်။ Tail Blade ကို မော်တာအသေးတစ်လုံးဖြင့် ဒေါင်လိုက် တပ်ဆင်ထားသည်။ Motor အား ဘယ်(သို့)ညာ လည်ပတ်စေသောအခါ Tail Blade မှ တွန်းအား(သို့) ဆွဲအား ဖြစ်ပေါ်စေခြင်းဖြင့် Helicopter အား ရှေ့နောက် ရွေ့လျားစေသည်။
No comments:
Post a Comment